• Change Language
  • English
  • ဗမာစာ

4 types of disabilities

Understanding On Disability

မသန်စွမ်းမှုသည် အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ ဘာသာ၊ ဆင်းရဲ/ချမ်းသာ အလွှာမရွေး၊ နေရာဒေသမရွေး ဖြစ်နေသည့်အတွက် နေရာတိုင်းတွင် မသန်စွမ်းသူများ ရှိနေမည်ဖြစ်သည်။ မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်းတွင် ယခင်ကလည်းရှိခဲ့၊ ယခုလည်းရှိဆဲ၊ နောင်လည်းရှိနေ ဦးမည်ဖြစ်သည်။ လူသားများရှိနေသ၍ မသန်စွမ်းသူများလည်း ရှိနေမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် လူတစ်ဦးသေဆုံးတိုင်း ပျမ်းမျှအားဖြင့် အခြားသုံးဦးမှာ မသန်စွမ်းသူများ ဖြစ်သွားကြသည်။ မသန်စွမ်းသူမရှိသော နေရာဒေသ၊ နိုင်ငံဟူ၍ ကမ္ဘာပေါ်တွင်မရှိပါ။ ပပျောက်အောင်လည်းလုပ်၍ မရနိုင်ပါ။ ထို့ကြောင့် မသန်စွမ်းသူများသည်လည်း လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ထာဝရတည်ရှိနေမည် ဖြစ်သည်။

လူတိုင်းတွင် ချို့ယွင်းချက်၊ အားနည်းချက်ကိုယ်စီ ရှိကြသည်။ မျက်စိနှင့်မြင်နိုင်သော အားနည်းချက်နှင့် မမြင်နိုင်သောအားနည်းချက်သာ ကွာသည်။ အားနည်းချက်ကိုသာ မကြည့်ပဲ အားသာချက်များ ကိုလည်းကြည့်ရပါမည်။ အားသာချက်များကို ကြည့်ရှုနိုင်မည်ဆိုလျှင် မသန်စွမ်းသူများ၏ တန်ဖိုးနှင့် စွမ်းဆောင်နိုင်မှုများကို ရှာဖွေတွေ့ရှိလာမည် ဖြစ်ပါသည်။

လူ့ဘဝဆိုသည်မှာ မတော်တဆ ရလာခြင်းမဟုတ်။ မွန်မြတ်လှသော၊ ရတောင့်ရခဲလှသော လူ့ဘ၀ကို လူတိုင်း အခြေအနေအမျိုးမျိုး၊ အနေအထားအမျိုးမျိုးနှင့် ရရှိပိုင်ဆိုင်ထားကြသည်။ အရပ်ပုခြင်း/ရှည်ခြင်း၊ အသားမဲခြင်း/ညိုခြင်း/ဖြူခြင်း၊ ကျား/မဖြစ်ခြင်း၊ သန်စွမ်းခြင်း/မသန်စွမ်းခြင်း စသည့် အခြေအနေများသည် ရွေးချယ်၍ မရ၊ ပြောင်းလဲ၍ မရ၊ ရလာသော အခြေအနေများကို လက်ခံ၍ မတူညီမှုများကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ခွဲခြားဆက်ဆံခြင်း မရှိသင့်ပါ။ လူသားတိုင်း ချွတ်စွတ်တူနိုင်မည်မဟုတ်၊ အမွှာများပင် ချွတ်စွတ်တူရန် မဖြစ်နိုင်။ ထို့ကြောင့် မသန်စွမ်းသူများ၏ အနေအထားသည် အခြားသူများနှင့် မတူညီခြင်းသည် ပြဿနာတစ်ရပ်မဟုတ် သကဲ့သို့ ခွဲခြားဘေးဖယ်ထားရန်လည်း အကြောင်းရင်းတစ်ခုမဟုတ်ပါ။

မသန်စွမ်းမှုဆိုသည်မှာ ပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထား အမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အ၀ပါဝင် လှုပ်ရှားနိုင်မှု မရှိခြင်းကို ဆိုသည်။

မသန်စွမ်းမှု = ခန္ဓာကိုယ်ချို့ယွင်းအားနည်းမှု + အတားအဆီး

မသန်စွမ်းမှုသည် ပြဿနာမဟုတ်။ မသန်စွမ်းသူများ ရပ်ရွာလူထုအတွင်း အများနှင့်တန်းတူ ပါဝင်ဆောင်ရွက်မှုမပြုနိုင်အောင် ဟန့်တားထားသော အတားအဆီးများ ပြည့်နှက်နေသည့် ပတ်ဝန်းကျင်ကသာ ပြဿနာဖြစ်သည်။ ထို့ကြောင့် အတားအဆီးဖြစ်နေသော ပတ်ဝန်းကျင်ကို သာ ဖယ်ရှားပြုပြင်နိုင်မည်ဆိုလျှင် မသန်စွမ်းမှု ဖြစ်ပေါ်လာစရာအကြောင်းရှိမည်မဟုတ်ပေ။

ယေဘုယျအားဖြင့် အတားအဆီး (၄) မျိုးရှိသည်။
(၁) ရုပ်ပိုင်းဆိုင်ရာအတားအဆီး (Physical Barrier – inaccessible buildings, product etc…)
(၂) သဘောထားခံယူချက်ဆိုင်ရာ အတားအဆီး (Attitudinal Barrier – negative attitude)
(၃) မူဝါဒဆိုင်ရာအတားအဆီး (Policy Barrier – (discriminatory& uninclusive policies&law)
(၄) ဆက်သွယ်မှုဆိုင်ရာ အတားအဆီး (Communication Barrier – ways of communication)

မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြောအကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုသည်။

မသန်စွမ်းမှုကို ရှုမြင်ပုံသည် အချိန်နှင့်အမျှ ပြောင်းလဲလာပါသည်။ ရှေးယခင်က ရှုမြင်မှုနှင့် လက်ရှိခေတ်ကာလအမြင်အဆင့်ဆင့်ပြောင်းလဲမှုကို အောက်ပါအတိုင်းလေ့လာနိုင်ပါသည်။

    •  ကုသိုလ်ဖြစ်အမြင် (Charity Model) – မသန်စွမ်းသူကို စွန့်ကြဲခံ၊ အလှူလက်ခံသူများအဖြစ် သတ်မှတ်ကူညီသည်။ မသန်စွမ်းမှုသည် ဝဋ်ကြွေးတစ်ခုခုကြောင့်၊ နတ်ဆိုး၊ ဝိဉာဉ်ဆိုးပူးကပ်ခြင်း ကြောင့် ရရှိလာသော အနိဌာရုံတစ်ခုဖြစ်ပြီး ကံမကောင်းခြင်း အဓိပ္ပာယ်ကိုဆောင်သည်။ ထို့ကြောင့် လူတောထဲတွင် ရှက်စရာ၊ ကြောက်စရာ၊ ဂုဏ်ငယ်စရာအဖြစ် မှတ်ယူသည်။ မသန်စွမ်းသူများ၏ အရေးကိစ္စသည် ပရဟိတအဖွဲ့အစည်းများနှင့် လူမှုဝန်ထမ်း လုပ်ငန်းဆောင် ရွက်နေသည့် အစိုးရဌာနများကသာ ဆောင်ရွက်ရမည် သီးခြားကိစ္စတစ်ရပ်ဟု ခံယူသည်။ မသန်စွမ်းသူများကို လူ့အဖွဲ့အစည်း၏ သီးခြား/အထူး လူအုပ်စုအဖြစ် ရှုမြင်သဘောထား ဆက်ဆံ သည်။ ထို့ကြောင့် မိသားစုနှင့် ရပ်ရွာလူထုမှ ခွဲထုတ်ပြီး ကုသိုလ်ဖြစ်ဂေဟာများ၊ ရာသက်ပန်ရိပ်မြုံ များသို့ ပို့ရန်ကြိုးစားသည်။
    • ဆေးပညာအမြင် (Medical Model) – မသန်စွမ်းသူကို ရောဂါသည်လူနာအဖြစ် သတ်မှတ်ပြီး သာမန်လူဖြစ်လာရန် ဆေးကုသပေးသည်၊ ပြန်လည်ထူထောင်ပေးသည်။ မသန်စွမ်းသူများ၏ အရေးကိစ္စသည် ဆရာဝန်များ၊ အထူးပညာရှင်များကသာ ဆောင်ရွက်ရမည့် အလုပ်ဟု သတ်မှတ် သည်။ မသန်စွမ်းသူများကို ပင်မလူ့အဖွဲ့အစည်းမှခွဲထုတ်ပြီး သီးသန့်ဆက်ဆံဆောင်ရွက်ပေး သည်။ ထို့ကြောင့် အထူးကျောင်းများ၊ ရာသက်ပန်စောင့်ရှောက်ရေး ဂေဟာများ တည်ထောင် စောင့်ရှောက်သည်။
    • လူမှုရေးအမြင် (Social Model) – မသန်စွမ်းမှုသည် အခြေအနေတစ်ခုဖြစ်သည်။ ဆေးကုရုံ သက်သက်ဖြင့် လုံးဝဥဿုံပြေလည်သွားမည့် ကိစ္စမဟုတ်။ မသန်စွမ်းမှုသည် ပြဿနာမဟုတ်။ မသန်စွမ်းသူများ ရပ်ရွာလူထုအတွင်း အများနှင့်တန်းတူ ပါဝင်ဆောင်ရွက်မှုမပြုနိုင်အောင် ဟန့်တားထားသော အတားအဆီးများ ပြည့်နှက်နေသည့် ပတ်ဝန်းကျင်ကသာ ပြဿနာဖြစ်သည်။ ထို့ကြောင့် အတားအဆီးဖြစ်နေသော ပတ်ဝန်းကျင်ကိုသာ ဖယ်ရှားပြုပြင်နိုင်မည်ဆိုလျှင် မသန်စွမ်း မှု ဖြစ်ပေါ်လာစရာအကြောင်းရှိမည်မဟုတ်ပေ။ အခြေအနေအမျိုးမျိုး၌ရှိသော လူအားလုံးကို အခွင့် အရေးနှင့် အခွင့်အလမ်း တန်းတူညီမျှဖန်တီးမပေးသည့် ပတ်ဝန်းကျင်ကြောင့်သာ လူအုပ်စု တစ်ခုခု သည် မသန်စွမ်းဖြစ်သွားကြရသည်။
    • လူ့အခွင့်အရေးအမြင် (Right Base Model) – ယနေ့လူ့အဖွဲ့အစည်းသည် လူသားအားလုံး အခွင့်အရေးတန်းတူညီမျှရရှိရေးကို ဦးစားပေးဖော်ဆောင်လာခြင်းနှင့်အတူ မသန်စွမ်းသူများ၏ အခွင့်အရေးများတန်းတူညီမျှရရှိရေးကို အလေးပေးဆောင်ရွက်ရန်လိုအပ်လာပါသည်။ မသန်စွမ်း သူများသည်လည်း အခြားသန်စွမ်းသူများကဲ့သို့ မိမိတို့ပတ်ဝန်းကျင်တွင် နေထိုင်သွားလာခွင့်၊ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ နိုင်ငံရေးနှင့်ပြည်သူ့ရေးရာနယ်ပယ်များတွင် ပါဝင်ဆောင် ရွက်ခွင့်အပြင် အခြားသောသန်စွမ်းသူများရရှိနေသည့် အခွင့်အရေးအားလုံး တန်းတူညီမျှခံစား ရရှိပိုင်ခွင့်ရှိသည်။ သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့အစည်းအားလုံးနှင့် လူ့အဖွဲ့အစည်းတစ်ရပ် လုံးက ထိုအခွင့်အရေးများ ရရှိခံစားလာရေးအတွက် ဝိုင်းဝန်းဖော်ဆောင်ပေးရမည်ဖြစ်သည်။
      ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (UNCRPD ၂၀၁၂)
      မသန်စွမ်းသူများအခွင့်အရေးဥပဒေ (၂၀၁၅)
      မသန်စွမ်းသူများအခွင့်အရေးနည်းဥပဒေ (၂၀၁၇)

Do and Don’t

ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ

  • အပြုသဘောမဆောင်သော အမည်နာမ၊ အသုံးအနှုန်းများခေါ်ဝေါ်ခြင်းရှောင်ကြဉ်ပါ။
    ဥပမာ – မသန်မစွမ်း၊ ထော့ကျိုး၊ ဖိုးထူး၊ ဝှီးချဲသမား၊ ဒုက္ခိတ စသည်ဖြင့်
  • ကိုယ်အင်္ဂချွတ်ယွင်းချက်အပေါ် အာရုံမထားဘဲ တန်းတူသဘောထား ဆက်ဆံပါ။
  • အထူးအဆန်းသဖွယ် စူးစိုက်၊ တွေဝေမကြည့်ပါနှင့်။
  • သနားဂရုဏာသက်ဟန်၊ ရင်ထုမနာဖြစ်ဟန်မပြဘဲ စာနာစိတ်အပြည့်ဖြင့် ပေါင်းသင်းဆက်ဆံပါ။
  • ကလေးသူငယ်ကဲ့သို့ မဆက်ဆံပါနှင့်၊ ရောဂါသည်လူနာကဲ့သို့မမြင်ပါနှင့်၊ အခွင့်ထူးခံထိုက် သူကဲ့သို့ သဘောမထားပါနှင့်။
  • ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့်ကို တက်နိုင်သမျှ ဖန်တီးပေးပါ။
  • ကူညီပေးရန် လို/မလို ဦးစွာမေးမြန်းပြီးမှ အကူအညီပေးပါ။
  • ဘီးတပ်လှည်းအသုံးပြုသူများနှင့် စကားပြောဆိုသောအခါ ဖြစ်နိုင်လျှင်မျက်လုံးအနေအထား ကို ရေပြင်ညီထားပါ။
  • ဘီးတပ်လှည်းအသုံးပြုသူ၏ ဦးခေါင်း(သို့) ပခုံးကို တွန်းခြင်း၊ လှုပ်ခါခြင်း မပြုပါနှင့်။
  • ဝှီးလ်ချဲအသုံးပြုသူများနှင့် စကားပြောဆိုရန်လိုအပ်ပါက တွန်းပေးသူမှ တစ်ဆင့်ပြောဆိုခြင်းမျိုး မဟုတ်ဘဲ တိုက်ရိုက်ဆက်သွယ်၊ ပြောဆိုပါ။
  • ဝှီးလ်ချဲတွန်းတော့မည်ဆိုလျှင် တွန်းတော့မည်ဖြစ်ကြောင်း အသိပေးပါ။
  • ကုန်းအတက်ကို တက်သောအခါ ဝှီးလ်ချဲနောက်လက်ကိုင်ကိုကိုင်းပြီး နောက်မှကိုင်တွန်းပေး ပါ။ ကုန်းလျောအဆင်းကို ဆင်းလိုလျှင် တွန်းမည့်သူသည် ဝှီးလ်ချဲကိုနောက်ပြန်အနေအထား ဖြင့် ထိန်းပြီးဆင်းပေးပါ။
  • ဂျိုင်းထောက်၊ လက်ထောက်အသုံးပြုသူများ၏ ဂျိုင်းထောက်၊လက်ထောက်(သို့မဟုတ်) ဂျိုင်းထောက်၊လက်ထောက်ကိုင်ထားသောလက်ကို ကိုင်၍တွဲခြင်း၊ မခြင်း မပြုလုပ်ပါနှင့်။

အမြင်အာရုံမသန်စွမ်းသူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ

  • အမြင်အာရုံမသန်စွမ်းသူများအား မည်သည့်အကူအညီလိုအပ်နေသည်ကို သေချာစွာသိရှိရန် မေးပါ။
  • အကူအညီလိုအပ်ပါက အမြင်အာရုံမသန်စွမ်းသူများ၏လက်ကို ထိတွေ့ပြီးဆက်သွယ်ပါ။
  • အမြင်အာရုံမသန်စွမ်းသူများကို သင်၏လက်မောင်းအနောက်ဘက် တံတောင်ဆစ်အထက် ကိုတွဲကိုင်စေ၍ တွဲခေါ်ရမည်။
  • အမြင်အာရုံမသန်စွမ်းသူများနှင့် အရှေ့မှခြေတစ်လှမ်းခွာပြီး ဦးဆောင်တွဲခေါ်ရမည်။
  • အလွန် ကျဉ်းမြောင်းသော လမ်းသို့ ရောက်သော အခါ အမြင်အာရုံမသန်စွမ်းသူ တွဲကိုင်ထား သည့် သင်၏လက်ကို ကျောဘက်သို့ထားရှိပြီး ဦးဆောင်ခေါ်ယူရမည်။
  • လှေကားထစ်များအဆင်းအတက်ပြုလုပ်သောအခါ လှေကားလက်တန်းကို အမြင်အာရုံ မသန် စွမ်းသူအား သေချာစွာပြသပြီး သင်ကတစ်ခြားတစ်ဖက်တွင်နေပြီး အရှေ့မှ ဦးဆောင်၍ ခေါ်ဆောင်ရမည်။
  • မော်တော်ယာဉ်များပေါ်တွင် အမြင်အာရုံမသန်စွမ်းသူကို ထိုင်ခုံ နေရာနှင့် ကိုင်တွယ်စရာ လက်တန်းအား သေချာစွာညွှန်ပြပေးရမည်။
  • အမြင်အာရုံမသန်စွမ်းသူများအား ပြောဆိုညွှန်ပြရာတွင် ဟိုဘက်၊ ဒီဘက် ဟုပြောဆို၍ ညွှန်မည့် အစား ဘယ်၊ ညာ၊ အရှေ့၊ အနောက်၊ အပေါ်၊ အောက်၊ စသည်ဖြင့် တိကျစွာ ညွှန်ပြခြင်းဖြင့်လည်းကောင်း၊ ကူညီတွဲခေါ်ရာတွင် အတက်၊ အဆင်း၊ စသော အရေးကြီးသည့် အချက်အလက်များကို သတိပြု၍ ပြောဆိုညွှန်ပြပေးရမည်။
  • အမြင်အာရုံမသန်စွမ်းသူများ လက်မှတ်ထိုးရန် လိုအပ်သောအခါ စာရွက်စာတမ်းပေါ်ရှိ အချက်အလက်များကို ဖြေးဖြေးနှင့်မှန်မှန် ဖတ်ပြပြီး နားလည်သဘောပေါက်သည်အထိ ရှင်းပြရပါမည်။
  • လက်မှတ်ထိုးရမည့်နေရာကိုလည်း သေချာစွာ လက်ကိုကိုင်၍ ထောက်ပြပေးပါ။
  •  အမြင်အာရုံမသန်စွမ်းသူအား ငွေစက္ကူနှင့်ပတ်သက်၍ ကူညီရာတွင် တစ်ရွက်ချင်းစီ၏ တန်ဖိုးကိုပြောပြပြီး တန်ဖိုးတူငွေစက္ကူများကို တစ်ခုစီဖယ်ကာ သေချာစွာခွဲခြားပေးပါ။ (ဥပမာ – နှစ်ရာတန် ၃ ရွက်၊ ငါးရာတန် ၁ ရွက်)စသည်ဖြင့် ခွဲခြားပေးပါ။
  • အမြင်အာရုံ မသန်စွမ်းသူများသည် Screen Reader (ခေါ်) အသံထွက် ဆော့ဖ်ဝဲဖြင့် သန်စွမ်း သူများနည်းတူ စမတ်ဖုန်းနှင့် ကွန်ပျူတာကို ကောင်းမွန်စွာ အသုံးပြုနေကြပြီဖြစ်သည်။

အကြားအာရုံမသန်စွမ်းသူများနှင့်ထိတွေ့ဆက်ဆံသည့်အခါ

  • Hard of Hearing မှာ အနည်းငယ် အကြားအာရုံဆုံးရှုံးထားသူဖြစ်ပြီး အသံကျယ်ကျယ် ပြောပေးခြင်း၊ နားကြားအထောက်အကူပြုကိရိယာ တပ်ဆင်ခြင်းတို့ဖြင့် ဆက်သွယ်ရေးအဆင် ပြေစေနိုင်ပါသည်။ အသံထွက်ဘာသာစကားကို အသုံးပြုနိုင်ပါသည်။
  • ဆက်သွယ်ပြောဆိုရာတွင် Sign Language, Lips Reading, Writing စသည်ဖြင့် အမျိုးမျိုးအသုံးပြုနိုင်သည်
  •  မျက်နှာချင်းဆိုင်ထိုင်ပါ၊ မနီးလွန်းမဝေးလွန်းပါစေနှင့်။ (ဘေးတိုက်မပြောရ)
  • မျက်လုံးချင်းဆုံပါ၊ နေကာမျက်မှန်တပ်မထားပါနှင့်။
  • စကားပြောနေစဉ် ပါးစပ်ကိုလက်ဖြင့် မကွယ်ပါနှင့်။
  •  စကားပြောနေစဉ် ဆေးလိပ်ခဲခြင်း၊ ကွမ်း၊ ပီကေဝါးခြင်း၊ အစာစားခြင်းများ ရှောင်ကြဉ်ပါ။
  • နားလည်လွယ်သော ဝါကျတိုများကို အသုံးပြုပါ။
  •  ဖြည်းဖြည်းသက်သာ ပြောပါ။
  •  နားမလည်လျှင် လက်ဟန်ပြပါ(သို့) စာရေးပြောပါ။
  •  အလင်းရောင်နောက်ခံပြီး ပြောဆိုခြင်းမပြုရ။
  •  စာနာစိတ်အပြည့်ဖြင့်မျှဝေခံစားပေးပါ။
  •  အနားတွင်ရှိလျှင် လက်တို့ခေါ်ပါ။ အဝေးတွင် ရှိလျှင် လက်ယပ်ခေါ်ပါ။
  •  ခေါ်၍ မမြင်လျှင် ပစ္စည်းတစ်စုံတစ်ခုဖြင့် ညင်သာစွာပေါက်၍ ခေါ်နိုင်သည်။
  • လက်ခုပ်တီးခြင်း။
  • “မင်းငါပြောတာကြားလား”ဟုမသုံးသင့်ပါ။ ထိုစကားလုံးအစား “မင်းငါပြောတာနားလည်လား” ဟူ၍ သုံးနှုန်းသင့်သည်။
  • ပြောစကားကိုသာနားထောင်လျှင် ၁၆%၊ ကိုယ်အမူအရာနှင့် မျက်နှာအရိပ်အကဲကို ကြည့်လျှင် ၆၂%၊ မျက်လုံးကိုကြည့်တက်လျှင် ၂၂% ထိ အဓိပ္ပါယ်မှန်အောင်ဖတ်တက်သည်။

ဉာဏ်ရည်မသန်စွမ်းသူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ

  •  စကားစမြည်ပြောဆိုသောအခါ သူစိတ်ဝင်စားသည့် (သို့) ရင်းနှီးပြီးသားအကြောင်းအရာတို့ ဖြင့် စတင်ပြောဆိုပါ။
  • ဘာသာစကားကို ချက်ချင်းလက်ခံနားလည်ရန် အခက်အခဲရှိနိုင်သဖြင့် ပြန်လည်တုံ့ပြန်မှုရ သည်အထိ စိတ်ရှည်စွာ ပြောဆိုပေးပါ။
  • ပုဂ္ဂိုလ်ရေး (သို့) စိတ်အနှောင့်အယှက်ဖြစ်ဖွယ် မေးခွန်းမျိုးမေးခဲ့လျှင် နောင်ဤသို့မပြုရန် ပြောပြပါ။
  • အသက်အရွယ်နှင့် လိုက်လျောညီထွေ ပြောဆိုဆက်ဆံပါ။
  • သူ၏စကားလမ်းကြောင်းရှည်နေပါက အကျိုးအကြောင်း ပြောပြ၍ အဆုံးသတ်ပါ။
  • သူတစ်ပါးစကားကို ကြားဖြတ်၍မပြောဆိုရန်၊ စကားဆုံးသည်အထိစောင့်ပြီးမှ ပြောဆိုရန် သိမ်မွေ့စွာပြောဆိုသင်ပြပေးပါ။
  • ကောင်းမွန်စွာပြောဆိုမှု၊ အမူအရာများအပေါ်ချီးကျူးပေးပါ။
  • ၎င်းတို့နှင့်မသင့်တော်သော အပြုအမူများကို လစ်လျှူရှုခြင်း၊ ပြုပြင်သင်ပြခြင်းတို့အပြင် ကောင်းမွန်သင့်တော်သော အပြုအမူမျိုးကို ရှင်းပြသင်ကြားပေးပါ။
  • ကြမ်းတမ်းစွာ ပြုမူခြင်းရှောင်ကြည်ပါ။
  •  မေးမြန်းပြောဆိုရာတွင် တတ်နိုင်သမျှ ရိုးရှင်းသောစကားလုံးများကိုသာ ရွေးချယ်အသုံးပြုပါ။

 

Open and View Pdf Files